တော်လှန်ရေးအတွက် ဘယ်နေရာက ပါရ ပါရ လို့ ကြွေးကြော်လိုက်တာ ၄ လ လောက် အဝတ်လျှော်ခန်းထဲက မထွက်လိုက်ရဘူးဖြစ်သွားတယ်။ ဇာတ်လမ်းက ဒီလို။
ခါတိုင်း လုပ်နေကြ တော်လှန်ရေးအလုပ်တွေ လုပ်နေရင်း နားဖို့ ( ငြိမ်ငြိမ်နေဖို့) အကြောင်းဖန်လာတယ်ပေါ့။ အဲ့တာနဲ့ ခဏလောက်တော့ နားပါဦးလို့ ဝိုင်းပြောကြတာနဲ့ နားဖြစ်တယ်။ နားလည်း တစ်ရက်၊ နှစ်ရက်ပါပဲ။ နေမှ မနေနိုင်တာ။ အဲ့တာနဲ့ ဘာလုပ်စရာရှိလဲ သွားမေးတော့ စစ်ရှောင်တွေအတွက် အဝတ်တွေ ပို့စရာတွေ ရှိတယ်။ အဲ့ဘက်ကို လုပ်ပေးပါ ဆိုတာနဲ့ ဟုတ် ဆိုပြီး ခေါင်းညိတ်လိုက်တာ။ အမှန်အတိုင်း ဝန်ခံရရင် နည်းနည်းလေး ထင်လို့ အလုပ်လက်ခံလိုက်တာပါ။ တကယ်လည်း အဝတ်တွေရောက်လာတော့ Lightruck နဲ့ ၃ စီးစာ အပြည့်ကို ရောက်လာတယ်။ ရောက်လာတာကလည်း cargo အနေနဲ့ ရောက်လာတာဆိုတော့ ဂျပ်ဖာတွေနဲ့ ပေါ့။ အဲ့တာနဲ့ အဲ့အထုတ်တွေကို ပြန်ဖြည်၊ အထုတ်တွေထဲ ခွဲထည့်၊ နဲ့ အလုပ်ရှုပ်တော့တာပဲ။ အစက တစ်ယောက်တည်းလုပ်နေတာ၊ နောက်ကျတော့ အဝတ်ခေါက်ရတာ ဘယ်လိုမှ မခံစားနိုင်တာနဲ့ အကူအညီတောင်းရတော့တာပဲ။ လာလုပ်ပေးတဲ့သူကလည်းတချက်မငြီးပဲ လာကူပေးရှာပါတယ်။ (ဒီနေရာကနေ ကျေးဇူးတင်ကြောင်း လမ်းကြုံပြောလိုက်ပါရစေ) ကံက ဆိုးချင်တော့ မိုးတွင်းဆိုတော့ နေတဲ့ နေရာက ရေတွေကြီးပြီး အဝတ်ထုတ်တွေ ရေထဲ မြုပ်ကုန်ပါလေရော။ အဲ့မှာတင် အလုပ်က ၄ ဆ လောက် ပိုတက်လာပါလေရော။ ရေမြုပ်သွားတဲ့ အဝတ်တွေကို ပြန်လျှော်။ ဒီကြားထဲ မီးတွေက ပျက်တော့ အဝတ်လျှော်စက်က မရ။ လက်နဲ့ လျှော်ရအောင်လည်း ရေချိုးခန်းက ရေမြုပ်တဲ့အထဲ ပါနေပြန်ရော။ အဝတ်လျှော်စက်က ရပြန်တော့ ရေက manual ထည့်ရတာ ဆိုတော့ အချိန်ပေးရတာ မကွာပါဘူး။ အဝတ်လျှော်လို့ပြီးတော့ အဝတ်လှန်းဖို့ နေက မထွက်။ ဒီအဝတ်တွေ အများကြီး လှန်းဖို့နေရာက မရှိနဲ့ အဝတ်အခြောက်ခံစက်လေးရှိလို့သာ တော်တော့တယ် ဆိုပြီး ဖြေသာနေတုန်းရှိသေး နောက်နေ့ မိုးတွေတအားသည်းပြီး အဲ့စက်ပါ ရေမြုပ်သွားပါလေရော။ အဲ့မှာတင် နောက်တခါ အကူအညီလိုက်တောင်းတော့ မထိုက်ဆီကနေ laundary service လုပ်နေတဲ့သူဆီက drying machine အကြီးကြီး ငှားလို့ ရသွားတယ်။ ငှားတဲ့သူက အိမ်အထိ ကားနဲ့လာပို့ပေးတဲ့အပြင် လက်ဖက်ရည်ပါ တိုက်သွားသေးတာ။ (တကယ်က လက်ဖက်ရည်ဖိုး ရှင်းပေးမလို့ကို ဆိုင်ရောက်မှ ပိုက်ဆံအိတ်ပါမလာတာ သတိရတယ်) တခုမပြီးသေးဘူး။ နောက်တခုက ထပ်လာတယ်။ ရေတွေကြီးပြီး ကြွက်တွင်းတွေထဲ ရေတွေဝင်ကုန်လို့ထင်တယ်။ ကြွက်တွေ အိမ်ပေါ်တက်လာပြီး သောင်းကျန်းတော့တာပဲ။ အဲ့မှာတင် ကြွက်သတ်ဆေးတွေချရ ကြွက်ဖမ်းရနဲ့ အတော် အလုပ်ရှုပ်သွားသေးတယ်။
ဒီစာတွေ ရေးနေတော့သာ တစ်နာရီမကြာတာ ခင်ဗျားတို့ ဖတ်နေတာလည်း ၅ မိနစ်တောင် မကြာတာ။တကယ်က ၄ လ လောက်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို အတိုချုံးပြန်ရေးပြလို့သာ။ အတော်တိုင်ပတ်တာ။ ထားတော့။ အသေးစိတ်ကို လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ရင် ကျွန်တော် ပြောပြမယ်ဗျာ။ ပြောနေရင်း ပြောချင်တာ က ရှိလာလို့ အဲ့တာလေး ဖြတ်ပြောလိုက်ဦးမယ်။
အဲ့တာနဲ့ အဝတ်တွေ ပြန်ခွဲထုတ်၊ ပြန်စီ၊ အထုတ် အသေးလေးတွေ ပြန်ခွဲတော့ ဒီဟာလေးတွေတွေ့ပါလေရော။ ဟ ဘာတွေလဲပေါ့။ ကိုယ်လည်း တခါမှ မမြင်ဖူးဘူးလေ။ အဲ့တာနဲ့ သေချာကြည့်လိုက်တော့မှ ထ ရယ်မိပါလေရော။ အော် သူတို့ခမျာလည်း ရှိတာ လှူကြရတာပဲလေ လို့ ဖြည့်တွေးလိုက်ပါတယ်။အဲ့တာနဲ့ ကိုယ့်အမကို သွားပြတော့ “ဘဲဥ ရယ် မထည့်ပါနဲ့, တော်ကြာ mask မှတ်ပြီး တပ်နေမှဖြင့် တိုင်ပတ်ကုန်ပါ့မယ်” ဆိုပြီး ပြောလို့ သူပြောတာ သဘောတွေကျပြီး ရယ်ရပြန်ရော။ အဲ့တာ ကိုယ်တယောက်တည်း ရယ်ရတာ အားမရလို့ ဒီမှာ လာတင်တာပါ။
P.S - လာမတောင်းကြနဲ့နော်။ မရှိတော့ဘူး။ အဲ့နေ့က အဲ့ ပုံထဲကဟာလေးကို စားပွဲပေါ်တင်ထားတာအိမ်က ကြောင်ဇိုးက တန်းလန်းတန်းလန်း ဆို သူဆော့စရာလို့ သတ်မှတ်ပြီး ယူဆော့ပြီး ဘယ်ချောင်သွားထိုးလိုက်တယ် မသိဘူး :3
Comments
Post a Comment