ရှေ့ဆက်လျှောက်ဖို့ကို ဘယ်ကနေ အင်အား ရမလဲ။ ကျွန်တော့်အတွက်တော့ move on လုပ်ဖို့ အတော်ခက်ခဲနေတယ်။ ဆယ်စုနှစ် တစ်ခုစာ memory တွေကြောင့် လူက ပိတ်မိနေတယ်။ ရှေ့ဆက်လို့ မရတာနဲ့ပဲ လူက အတော်ကို တိုင်ပတ်သွားတယ်။ ဖြစ်နိုင်ရင် “သင်သွားလိုရာ သွားနိုင်ပြီ” လို့ အော်ပြီး လွှတ်ပေးလိုက်ချင်တော့တယ်။ တချိန်တည်းမှာပဲ “မင်းကိုငါလွှတ်လိုက်တယ်၊ ငါ လွတ်မြောက်ပါစေ” ဆိုတဲ့ စကားကို နားလည်သွားတယ်။ သူ့ကို လွှတ်လိုက်မှ ကိုယ်က လွတ်မယ်။ စိတ်က ဘယ်လိုမှ မလွှတ်နိုင်ဖြစ်နေတာကျတော့ ဘယ်လို လုပ်ရမလဲ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလထဲမှာ ရုပ်ရှင် ၂ ကား ကြည့်ဖြစ်တယ်။ ပထမကားက A Ghost Story နောက်တကားက Drive My Car ။ ဇာတ်ကား ၂ ကားလုံးက letting go ကို ပုံစံ မျိုးစုံနဲ့ ပြထားကြတာ။ A Ghost story ထဲမှာဆို letting go မလုပ်နိုင်တဲ့ အပြင် time loop ထဲပါ ရောက်သွားသေးတာ။ ဒါပေမယ့် ကျွတ်ချိန်တန်တဲ့အခါ ချက်ချင်းကို ကျွတ်သွားရော။
Drive My Car က တော့ အော်စကာဆု ရသွားတဲ့ စာရင်းထဲ ပါလို့ ကြည့်ဖြစ်လိုက်တာ။ နောက်ပြီးတော့ မူရာကာမီ ရဲ့ ဝတ္ထုကို ရိုက်ထားတယ် ဆိုတာ ကြောင့်ရောပေါ့။ ဘာဇာတ်လမ်းမှန်းလည်း မသိဘူး။ ဒီအတိုင်းပဲ ကြည့်မိလိုက်တာ။ ဇာတ်လမ်းက တဝက်ကျော်လောက်ရောက်မှ ဇာတ်ရှိန်တက်လာတာ။ ဇာတ်သိမ်းသွားတာလည်း မြန်တယ်။ ဒီကားမှာကျတော့ letting go ကို ဒရိုက်ဘာ ကောင်မလေးက သင်ပေးသွားတာ။ ဂျပန်တွေရဲ့ art ကို ဒီကားမှာ တွေ့ရလိမ့်မယ်။ ကျွန်တော်ပြောနေကျ စကားရှိတယ်။ ဂျပန်တွေက အရာရာ ရှေ့ကို ရောက်နေတာ။ သူတို့ကို သွားယှဉ်လို့ က မလွယ်တော့ဘူး။ ဂျပန်တွေရဲ့ အတွေးအခေါ် အယူအဆတွေ စိတ်နေစိတ်ထား တွေကို ဒီကားမှာ မြင်ရလိမ့်မယ်။ ပါးပါးလေး ပုတ် ပြသွားတာတွေလည်း အများကြီးပဲ။ တော်ပြီ ဇာတ်ကား အညွှန်းကို မရေးမှ ဖြစ်မယ်။ ကျွန်တော် ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်ဘူး။ ဒီလောက်နဲ့ပဲရပ်တော့မယ်။
၂ ကားစလုံးမှာ ကျွတ်ချိန်တန်တဲ့ အထိရောက်ဖို့က အချိန် ဆိုတာ လိုတယ် လို့ ပြောထားတယ်။ တန်းပြီးတော့ ကျွတ်မသွားနိုင်ဘူး။ ကျွန်တော် အခုထိ ခံယူထားတာက ကျွန်တော်ကတော့ မကျွတ်ဘူးပေါ့။ ကျွတ်မယ်လို့လည်း မထင်ဘူး။ မှန် မမှန်ကတော့ အချိန်က စကားပြောပါလိမ့်မယ်။ စောင့်ကြည့်ရမှာပေါ့။
စိတ်ကူးရှိခဲ့သည့်အတိုင်း မမက်နိုင်ခဲ့သော အိပ်မက်ကြောင့် ကျွန်တော်သည် အိပ်မက်အတွင်းမှ ခုန်ထွက်ရန် ကြံစည်ခဲ့မိသော်လည်း မအောင်မြင်။ စာနာစိတ်မရှိသော အိပ်မက်သည် ရပ်ချင်ရာတွင် ရပ်သွားသောအခါ၌ ကျွန်တော်ဟာ တစ်ခုခုလုပ်သင့်ပါသလား။
Comments
Post a Comment