ပထမဆုံး အရာကတော့ သူမပေါ့။ သူမနဲ့ ပတ်သတ်ရင် အရာရာပျော်ရွှင်ရတယ်။ တစ်ခါမှမရဘူးတဲ့ ချစ်ခြင်းမေတ္တာတွေ သူမက ပေးခဲ့တယ်။ မရဘူးတဲ့ အရာတွေ အကုန် သူမဆီက ရခဲ့တယ်။ သူမကလည်း သူမရှိသမျှ အရာရာ အကုန်ပေးခဲ့တယ်။
ဒုတိယက အညာက အိမ်ပေါ့။ အိမ်မှာ အဖေရှိတယ် အိမ်ပြန်လာရင် ကိုယ်ကြိုက်တာတွေ ချက်ကျွေးတဲ့ အမေနဲ့ အမ ရှိတယ်။ ဘယ်အချိန် ပြန်ပြန် အိပ်စရာတနေရာ ရှိတယ် ဆိုတဲ့ ခံစားချက်က ခြေသလုံးအိမ်တိုင်သမားတစ်ယောက်အတွက် အတော်ကို နွေးထွေးတဲ့ နေရာလေးတစ်ခုပေါ့။
တတိယက ရန်ကုန် မြောက်ဒဂုံက အိမ်ပဲ။ ကိုယ့်အတွက် ခိုနားစရာတစ်ခုကိုဆယ်စုနှစ်တခုစာ ပေးခဲ့တယ်။ကိုယ့်ကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံခဲ့တယ်။ အိမ်က အကိုတွေ ညီတွေက မွေးရင်းတွေနဲ့ မခြား ကိုယ့်အပေါ်ကောင်းလွန်းတယ်။
စတုတ္ထက ကိုယ့်ရဲ့ ဘော်ဒါတွေပဲ။ အထူးသဖြင့် ကျောင်းတက်တုန်းက ဘော်ဒါတွေပဲ။ ငယ်ငယ်လေးကတည်း အတူတူ လည်ပင်းဖက်ပေါင်းလာတဲ့ သူတွေရော၊ ရန်ကုန်ရောက်ကတည်းက ပေါင်းခဲ့တဲ့ ဘော်ဒါတွေရော အိပ်ရာတခုတည်း အတူတူအိပ်ပြီး မရှိအတူ ရှိအတူ၊ ရှိတာအကုန်ဝေမျှပြီး နေခဲ့တယ်။ တစ်ယောက် ရည်းစားနဲ့ပြတ်ရင် နောက်တစ်ယောက်က ဖက်ပြီး ငိုတဲ့ အထိ ရင်ဘတ်ချင်းနီးခဲ့ကြတယ်။ ကျွန်တော် သူမကို ကျွန်တော့်ဘော်ဒါတွေ အကြောင်း အမြဲပြောပြတယ်။ သူ့သူငယ်ချင်းတွေ အကြောင်းပြောနေရရင် ပြုံးနေတော့တာပဲ ဆိုပြီး သူမက မနာလိုတဲ့လေသံနဲ့ကို ပြောတယ်။
ပဥ္စမက ကျွန်တော့်ကို ချစ်တဲ့သူတွေပဲ ဖြစ်လိမ့်မယ်။ ကျွန်တော့်ကို ပုံစံအမျိုးမျိုးနဲ့ ချစ်ကြတဲ့သူတွေ support ပေးကြတဲ့သူတွေ အကူအညီပေးကြတဲ့သူတွေ အများကြီး ရှိတယ်၊ အဲ့လူတွေ မရှိရင် ကျွန်တော် ခုလို နေနိုင်မှာမဟုတ်ဘူး။
Comments
Post a Comment