ကနေ့ ညနေပိုင်းမှာ ဖုန်း နံပါတ်တခုက ဖုန်းဆက်တယ်။ ကို ____ လားတဲ့။ အကို့ ပိုက်ဆံအိတ်ကောက်ရလို့ ဖုန်းဆက်တာပါတဲ့။ အဲ့တာနဲ့ လန့်ပြီး လွယ်အိတ်ထဲက ပိုက်ဆံအိတ်ကို ကြည့်တော့လည်း သူ့နေရာသူ ရှိနေတယ်။ အဲ့တာနဲ့ ဘယ်သူ့ကို မေးတာလဲ လို့ ပြန်မေးတော့ ကို ____ လို့ပြန်ဖြေတယ်။ အဲ့တာနဲ့ လူမှားနေတယ် ခင်ဗျ လို့ ပြန်ပြောတော့ သူက ဖုန်းနံပါတ်ရွတ်ပြတော့လည်း ကိုယ့်ဖုန်းနံပါတ်ပဲ။ ပြီးတော့မှ သူလည်း သိသွားတယ် ထင်တယ်။ ကိုဘဲဥ လား ဆိုပြီး မေးလာတယ်။ ဟုတ်တယ် ကိုဘဲဥ ပါလို့ ပြန်ပြောလိုက်တော့ သူက " ပိုက်ဆံအိတ်ပိုင်ရှင်က အကို့ဆီကို ပစ္စည်းပို့ထားတဲ့ တယောက်နေမှာ"တဲ့။ အိတ်ထဲက ဘောက်ချာမှာ ကိုဘဲဥ ဆိုတဲ့ နာမည်နဲ့ ကျွန်တော့်ဖုန်းနံပါတ်ရေးထားတာတွေ့လို့ ကျွန်တော့်ဆီ ဖုန်းဆက်လိုက်တာပါတဲ့။
အဲ့ကျမှာ သူပြောချင်တာ ကို ဇာတ်ရည်လည်သွားတော့တယ်။ မန္တလေးက ကျွန်တော့်ဆီကို ဆေးပစ္စည်းတွေပို့ပေးနေတဲ့ အဖွဲ့ရှိတယ်။ ဘယ်သူတွေလည်း ကျွန်တော်မသိဘူး။ ကျွန်တော်က သူတို့ပို့တာတွေ ထုတ်ပြီး ဟိုဘက်ကို ပြန်ပို့ရတာကိုး။ အဲ့လိုပို့တာမှာ ကားဂိတ်ကနေ ပေးတဲ့ ဘောက်ချာကို ပိုက်ဆံအိတ်ပိုင်ရှင်က ပိုက်ဆံအိတ်ထဲ သိမ်းထားပုံ ရတယ်။ အဲ့ဘောက်ချာလေးက ဖုန်းနံပါတ်ကို ကောက်ရတဲ့ သူက ဆက်လိုက်တာ။
အဲ့တာနဲ့ ပို့တဲ့ အဖွဲ့ကို ဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြလိုက်တော့ ပိုင်ရှင်လည်း ပိုက်ဆံအိတ်ပြန်ရသွားတယ်။
( ဖုန်းနံပါတ်ကတော့ ပြောင်းမှ ရတော့မယ် )
Comments
Post a Comment