ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သော Freedom From Fear စာအုပ်မှ ကူးယူဖော်ပြပါသည်။
လူ့ဘောင်သစ် ပါတီရုံး၊ အနော်ရထာလမ်းတွင် ၁၀.၇.၈၉ နေ့က ပြောကြားသည်။
အခုအချိန်မှာဆိုလို့ရှိရင် ကျမတို့ဟာ ဇူလိုင်လ ၇ ရက်နေ့တုန်းက ကျောင်းသားလူငယ်များ ကျဆုံးခဲ့ခြင်း၊ သမဂ္ဂဖြိုခွဲခံရခြင်း အခမ်းအနားကို နှစ်ပတ်လည် ကျင်းပခဲ့ပြီးပါပြီ။ ဇူလိုင်လ ၁၉ ရက်နေ့မှာ အာဇာနည်နေ့ဖြစ်တဲ့ ဖေဖေနဲ့တကွ အခြားနိုင်ငံ့ခေါင်းဆောင်များ ကျဆုံးတဲ့နေ့လည်း လာပါဦးမယ်။ အဲ့ဒီတော့ ဒီအချိန်မှာ ကျမတို့အားလုံး စဉ်းစားစရာတွေ အမျိုးမျိုးရှိပါတယ်။ အရင်အပတ်က ဆိုလို့ရှိရင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမောင်က မိန့်ခွန်းတော်တော်ရှည်ရှည်ပဲ ပြောသွားပါတယ်။ ဒီမိန့်ခွန်းကို ကျမ ပြန်ပြီးတော့ သုံးသပ်လိုက်တဲ့အခါကျတော့ ဘာတွေပေါ်လာသလဲ။ နံပါတ် (၁) ကတော့ ဗိုလ်ချုပ်ကြီးစောမောင်တို့အနေနဲ့ ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်ခြင်းကို မယုံကြည်ဘူးဆိုတာ ပြပါတယ်။ ဒါကိုတော့ ကျမတို့ ကန့်ကွက်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းရမယ်၊ ဆွေးနွေးရမယ်၊ တိုင်ပင်ရမယ်။ ဒါမှလည်း ပြည်သူလူထု မနာဘူးပေါ့။ နောက်တခုကလည်း ကျမ တွေ့ခဲ့ရတာကတော့ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုကို ခြိမ်းခြောက်တာပါတယ်လို့ ကျမ မြင်ပါတယ်။ ဒီလို ခြိမ်းခြောက်တယ်ဆိုတာ နဲနဲမှ မသင့်တော်ပါဘူး။ တို့ဘက်မှာ လက်နက်ရှိလို့ သုံးချင်တိုင်း သုံးနိုင်တယ်လို့ ပြောတဲ့ သဘောဟာ နဲနဲမှ မသင့်တော်ပါဘူး။ ဒါဟာ အစိုးရအနေနဲ့ သုံးသင့်သုံးလိုက်တဲ့ စကားလုံးများလည်း မဟုတ်ပါဘူး။ ပြောသင့်ပြောထိုက်တဲ့ ကိစ္စများလည်း မဟုတ်ပါဘူး။ ထားသင့်ထားထိုက်တဲ့ သဘောထားများလည်း မဟုတ်ပါဘူး။ အခုဆိုလို့ရှိရင် တပ်မတော်ကရော၊ နဝတ ကရော ထပ်တလဲလဲပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်ပါ။ အမျိုးသားခေါင်းဆောင်ကြီးပါ။ အဲ့ဒီတော့ အခု ကျမတို့ ပြန်ပြီးတော့ စဉ်းစားရမယ်။ ဇူလိုင်လ ၁၉ ရက်နေ့ဆိုလို့ရှိရင်၊ ဖေဖေဆုံးသွားတာ ၄၂ နှစ်ပြည့်တော့မယ်၊ အဲ့ဒီတော့ ဒီလို ၄၂ နှစ်ပြည့်တဲ့အခမ်းအနား မတိုင်ခင် ကျမတို့ စဉ်းစားရမယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်လို့ ဆိုလို့ရှိရင် တပ်မတော်ဟာ ဖေဖေလိုချင်တဲ့အတိုင်း လုပ်နေရဲ့လား။ တပ်မတော်ရဲ့ ဖခင်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်လိုက်တဲ့ လမ်းစဉ်အတိုင်း ဒီတပ်မတော်ဟာ ဆက်ပြီးတော့ လုပ်နေရဲ့လားဆိုတာ ကျမတို့ မေးရလိမ့်မယ်။ ဒီလိုမေးတဲ့အခါကျမှ ကျမ ဘယ်လိုမြင်ရသလဲဆိုတော့ ဖေဖေဟာ တပ်မတော် လမ်းမှားသွားမှာ အင်မတန်မှ စိုးရိမ်ခဲ့တယ်။ ထပ်တလဲလဲ ပြောခဲ့တယ်။ မင်းတို့လက်ထဲမှာ လက်နက်ရှိလို့ လုပ်ချင်တိုင်လုပ်လို့ရမယ် မထင်နဲ့။ ပြည်သူလူထုကို ခြိမ်းခြောက်တာ၊ နှိပ်စက်တာ၊ ဖိစီးတာ၊ ဒါတွေမလုပ်နဲ့ဆိုတာ ထပ်တလဲလဲပြောခဲ့တယ်။ ဒီတပ်မတော်ဟာလည်း လူတယောက်ထဲအတွက် မဟုတ်ဘူး။ အဖွဲ့အစည်းတခုအတွက် မဟုတ်ဘူးဆိုတာလည်း ထပ်တလဲလဲပြောခဲ့တယ်။ တပ်မတော် လမ်းမှားသွားမှာကို ဖေဖေ အင်မတန်မှ စိုးရိမ်ခဲ့တယ်။ ဒီလောက်တောင်မှ စိုးရိမ်နေလျက်နဲ့ ဘာဖြစ်လို့ လမ်းမှားသွားရသလဲ။ ဦးနေဝင်းဟာ တပ်မတော်ကို လမ်းမှားပေါ် တင်ပေးလိုက်တယ်။ အခု ဒီမှာ တပ်မတော်ထဲမှာ ရှိနေတဲ့ တပ်မတော်သားများ၊ အရာရှိများ စဉ်းစားပါ။ တပ်မတော်ရဲ့ ဖခင်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီးတော့ အတိအလင်းကြေညာထားပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ကို ဘယ်လိုအနေအထားရှိစေချင်သလဲဆိုတာ ပြန်ပြီးတော့ သုံးသပ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းတပ်မတော်လား၊ ဗိုလ်နေဝင်းတပ်မတော်လားဆိုတာ ဆုံးဖြတ်ရတော့မယ်။ ကျမ ဒါကို ရှင်းရှင်းပဲ ပြောပြမယ်။ ခဏခဏ အမျိုးမျိုးပြောနေလို့ အလကားပဲ။ နောက်ဆုံးတော့ ဒီမေးခွန်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ်ကိုလိုက်မယ့် တပ်မတော်လား၊ ဗိုလ်နေဝင်းရဲ့ မဆလ လမ်းစဉ်ကိုလိုက်မယ့် တပ်မတော်လား။ ကျမတို့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ်ကိုလိုက်မယ့် တပ်မတော်ဆိုလို့ရှိရင် ပြည်သူလူထုနဲ့ တသွေးထဲ၊ တသားထဲဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင်ကြီးဆိုလို့ရှိရင် အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ကို လိုက်ရမယ်။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ဟာ ဒီမိုကရေစီလမ်းစဉ်ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုအခြေအနေနဲ့
အင်မတန်မှ ဆီလျော်တဲ့ကိစ္စတွေကို ဖေဖေပြောသွားခဲ့ပါတယ်။ ဒါကို နဲနဲ ကျမ ဖတ်ပြပါမယ်။ ဒီမိုကရေစီဆိုတာဘာလဲ။ ကျမတို့ ဘယ်လိုအခွင့်အရေးတွေ ရသင့်သလဲဆိုတာ သေသေချာချာ ဖေဖေရေးသွားတာ၊ ပြောသွားတာ ရှိပါတယ်။
“လွတ်လပ်စွာဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကိုးကွယ်လိုရာ ဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ်ကိုယ့်ယာနဲ့ နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသာခွင့်၊ အလုပ်သမား လယ်သမားများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးရေး၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုအတိုင်း
ဆောင်ရွက်နိုင်ခွင့်၊ အိုစာ၊ နာစာ အထိအခိုက်လျော်ကြေး ရံပုံငွေ အစရှိသည်တို့ကို အစိုးရက ထားပြီး အိုမင်း၍၎င်း၊ ဖျားနာ၍၎င်း၊ ထိခိုက်နာကျင်၍၎င်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရှိနိုင်၍သော်၎င်း၊ အသက်မွေးဝမ်းကျောင်း မပြုနိုင်သူများသည် အစိုးရ၏ အထောက်အပံ့များကို ရရှိခွင့်၊ ဒီမိုကရေစီအခွင့်အရေးမျိုးတွေ ရရှိရမယ်” တဲ့။ ။
အဲ့ဒီတော့ ဒီအခွင့်အရေးတွေကို ကျမတို့ ဘယ်လောက်ရှိသလဲ ပြန်ကြည့်ပါ။ လွတ်လပ်စွာဖော်ပြခွင့်၊ စည်းရုံးခွင့်။ ကျမတို့မှာ လွတ်လပ်စွာစည်းရုံးခွင့်မရှိပါဘူး။ ဒီလို လွတ်လပ်စွာ စည်းရုံးခွင့်တွေကို ကျမတို့
တောင်းနေတာတွေကို နဝတက လျစ်လျူရှုထားတယ်။ ဒါ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ်ကို လေးစားတာပြတာလား။ မဟုတ်ပါဘူး။ လွတ်လပ်စွာ အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်။ အခုတော့ ကျမတို့နိုင်ငံမှာ လွတ်လပ်စွာ စီတန်းလမ်းလျှောက်လို့ရှိရင် သေနတ်နဲ့ပစ်မယ်လို့ချည်းပဲ ခြိမ်းခြောက်ခံနေရပါတယ်။ ဒါဟာ ဦးနေဝင်းရဲ့ စနစ်တွေပဲ။ ဦးနေဝင်းရဲ့ အကျင့်တွေပဲ။ ဘာဖြစ်လို့ ဦးနေဝင်းဟာ အငြိမ်းစားသွားပြီဆိုလို့ရှိရင် ဦးနေဝင်းရဲ့ အကျင့်တွေကို ဆက်ပြီးတော့ ကျင့်နေသလဲဆိုတာ ကျမတို့ မေးရမှာပဲ။ ဒီတော့ ကျမတို့အနေနဲ့ နဝတနဲ့ ဗိုလ်ချုပ်ကြီးစောမောင်ကို ပြောချင်တာကတော့ ဦးနေဝင်း အငြိမ်းစားသွားပါပြီလို့ မပြောပါနဲ့။ ကျမတို့ဟာ တကယ်ပဲ ဦးနေဝင်းဟာ တပ်မတော်အပေါ်မှာရော၊ နဝတအပေါ်မှာရော သြဇာမရှိတော့ဘူးဆိုတာ ယုံစေချင်တယ်ဆိုလို့ရှိရင် ဦးနေဝင်းရဲ့ ကျင့်ထုံး၊ ကျင့်နည်းတွေကို လုံးလုံးဖယ်လိုက်ပါတော့။ ဦးနေဝင်းရဲ့ ကျင့်ထုံးကျင့်နည်းဆိုတာ လက်နက်နဲ့ ပြည်သူလူထုတွေကို ဖိနှိပ်တဲ့နည်းပဲ။ ပြည်သူလူထုကို လက်နက်နဲ့ ခြိမ်းခြောက်ပြီးတော့ ထိန်းသိမ်းတဲ့နည်းပဲ။ မတရားသဖြင့် ဖမ်းဆီးတဲ့နည်းတွေပဲ။ ပြည်သူလူထုရဲ့ လွတ်လပ်မှုကို ချုပ်ချယ်ထားတဲ့ နည်းတွေပဲ။ ဒီဟာတွေဟာ ဦးနေဝင်းရဲ့ နည်းတွေပဲ။ အဲ့ဒီတော့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ နဝတဟာ တကယ်ပဲ ဦးနေဝင်းရဲ့ ဩဇာအာဏာအောက်ကနေပြီးတော့ ရုန်းကန်ရဲတဲ့ သတ္တိရှိတယ်ဆိုတာ ပြချင်ရင် ဦးနေဝင်းနည်းတွေကို ဆက်ပြီးတော့ မသုံးပါနဲ့။
နောက်ပြီးတော့လည်း ဆွေးနွေး၊ ညှိနှိုင်း၊ တိုင်ပင်ခြင်း မလိုလားဘူးဆိုတာလည်း ဦးနေဝင်းရဲ့ ထုံးတခုပဲ။ အဲ့ဒီတော့ အခုအထိ ဗိုလ်ချုပ်ကြီးစောမောင်တို့၊ နဝတတို့ဆိုတာဟာ ပြည်သူလူထုဘက်က ရပ်တည်နေတဲ့ ဒီမိုကရေစီအဖွဲ့အစည်းများနဲ့ မညှိနှိုင်းနိုင်ဘူး၊ မဆွေးနွေးနိုင်ဘူး၊ မတိုင်ပင်နိုင်ဘူးဆိုတာ ဦးနေဝင်းရဲ့ ထုံးတွေကို
ထောက်ခံရာရောက်ပါတယ်။ အခုဆိုလို့ရှိရင် အမျိုးမျိုးခြိမ်းခြောက်နေတယ်။ ဦးနေဝင်းကို ထိခိုက်လို့ရှိရင် ကျမကိုလည်း ဆော်မယ်ဆိုတဲ့ သဘောထားမျိုးနဲ့ ပြောနေတာတွေ ကြားနေပါတယ်။ ဒီတော့ ကျမဟာ ဦးနေဝင်းကို ပုဂ္ဂိုလ်အရ ထိခိုက်ချင်လို့ ပြောတာမဟုတ်ပါဘူး။ ဦးနေဝင်းရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ကို နာခဲ့စေလွန်းလို့၊ ဒီလုပ်ရပ်မျိုးတွေ နောက်ဆက်မဖြစ်စေချင်လို့ ပြောရခြင်းဖြစ်ပါတယ်။ အခုအချိန်မှာဆိုလို့ရှိရင် ကျမတို့ဟာ ပြဿနာတွေကို ခေါင်းရှောင်နေလို့တော့ ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီပြဿနာတွေကို ကျမတို့
ခေါင်းရှောင်ခဲ့လို့ ဒီနိုင်ငံဟာ ဒုက္ခရောက်နေတာပဲ။ ကျမတို့ဟာ ပြဿနာတွေကို ရင်ဆိုင်ရမယ်။ အခုဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်ဟာ confrontation ဆိုတာကို head on ထိပ်တိုက်တွေ့ခြင်းလို့ ပြောသွားပါတယ်။ ကျမတို့ဟာ တခါမှ ဒီလိုထိပ်တိုက်တွေ့ခြင်းကို လိုချင်တာမဟုတ်ပါဘူး။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းမယ်၊ ကျမတို့ဟာ စားပွဲဝိုင်းတိုက်ပွဲဝင်ချင်တယ်။ စားပွဲဝိုင်းတိုက်ပွဲကိုတော့ သတ္တိရှိရှိနဲ့ မဝင်ရဲတဲ့လူတွေ ဘာဖြစ်လို့ သေနတ်ကိုင်နေသလဲ။ ဒီတော့ ကျမတို့ဘက်မှာ ပါတီပေါင်း (၈၀) ရှိနေလို့ တယောက်နဲ့ ရှစ်ဆယ် ဖြစ်နေတယ်လို့ ပြောတယ်။ ဘယ့်နှယ့် ဒီလို ပြောနိုင်ပါ့မလဲ။ ဒီလိုဆိုရင် ကျမတို့လည်း ပြောနိုင်ပါတယ်။ ကျမတို့ ပြည်သူလူထုမှာ
သေနတ်တလက်မှမရှိလို့ သုညနဲ့ သေနတ်ပေါင်း တသိန်းရှစ်သောင်း ဖြစ်နေပါတယ်။ မပစ်ပါနဲ့၊ ဒီလို အပ်တချောင်းမှမရှိတဲ့ ပြည်သူလူထုကို လက်နက်အင်အားနဲ့ ခြိမ်းခြောက်နေတယ်ဆိုတာ အင်မတန် မကောင်းတဲ့ကိစ္စတခု ဖြစ်နေပါတယ်။ အင်မတန် အောက်တန်းကျတဲ့ နိုင်ငံရေးလုပ်နည်းလုပ်ထုံး ဖြစ်ပါတယ်။ နိုင်ငံရေးကို မြင့်မြင့်မြတ်မြတ် လုပ်ဖို့ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျမတို့ စားပွဲဝိုင်းတိုက်ပွဲဝင်ရမယ်။ တယောက်ချင်းဆိုလည်း စားပွဲဝိုင်းတိုက်ပွဲပဲ။ နှစ်ယောက်ချင်းဆိုလည်း စားပွဲဝိုင်းတိုက်ပွဲပဲ။ ကျမတို့ ဝင်ရဲပါတယ်။ စားပွဲဝိုင်းတိုက်ပွဲဆိုလို့ ကျမတို့ဘက်ကနိုင်အောင်၊ န၀တဘက်ကရှုံးအောင်၊ ဒီလိုတိုက်ပွဲမဟုတ်ပါဘူး။ စားပွဲဝိုင်းတိုက်ပွဲရဲ့ အဓိက ရည်ရွယ်ချက်ဟာဘာလဲ။ ပြည်သူလူထုအတွက် အောင်မြင်မှုရှာဖို့ပဲ။ တတိုင်းပြည်လုံးအတွက် အကောင်းဆုံးအဖြေရှာဖို့ပဲ။ ဒါကြောင့်မို့လို့ ကျမတို့ အခုလို စားပွဲဝိုင်းတိုက်ပွဲဝင်ချင်တာ။ စားပွဲဝိုင်းတိုက်ပွဲဝင်နေတဲ့ တိုက်ပွဲဝင်အားလုံးဟာ တိုင်းပြည်ရဲ့ အကျိုးကို ရှေ့ရှုပြီးတော့ လုပ်သွားရမှာဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ အကျိုးကို ရှေ့ရှုပြီးတော့ မလုပ်သွားနိုင်လို့ရှိရင်တော့ ဒီတိုင်းပြည်ကို မအုပ်ချုပ်သင့်ဘူးလို့ ကျမက ပြောရမှာပဲ။ ။
" အခုဆိုလို့ရှိရင် ဆန်ပြဿနာဟာ အင်မတန်မှ ကြီးထွားနေပါတယ်။ ဒီလို ဆန်ပြဿနာကြီး ကြီးထွားလာတော့လည်း ဆန်ဈေးတက်ခြင်းဟာ နိုင်ငံရေးပါတီတွေကြောင့် ဆိုပြီးတော့ စွပ်စွဲတယ်။ ဒါ တာဝန်ကို မရင်ဆိုင်ရဲတာဘဲ။ အစိုးရတခုဖြစ်နေရင် ပြဿနာတခုဖြစ်နေမှတော့ ဖြေရှင်းပေါ့။ ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိဘူးလား။ ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိလို့ရှိရင် တာဝန်သိသိနဲ့ ဖြေရှင်းနိုင်တဲ့ အစိုးရတရပ်လက်ကို အာဏာ မြန်မြန်ပေးနိုင်ဖို့ စီစဉ်ရမယ်။
နောက်ဆုံး ခြုံပြီးတော့ပြောရင် ကျမတို့ လိုချင်တာဘာလဲ။ တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ သတ္တိ၊ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ အုပ်ချုပ်မှုစနစ်တခု လိုချင်တာပဲ။ ဒါဟာလည်း ကျမတို့အားလုံး ရသင့်ရထိုက်တဲ့အခွင့်အရေးပဲ။ တိုင်းပြည်တပြည်ကို အုပ်ချုပ်နေမှဖြင့် ပြဿနာတွေကို ခေါင်းရှောင်ပြီးတော့ တံတားတွေဆောက်နေလို့ မဖြစ်ပါဘူး။ ပြဿနာဆိုတာ တံတားနဲ့ ကျော်လို့ မရပါဘူး။ ရင်ဆိုင်ဖြေရှင်းခြင်းအားဖြင့်သာ ကျော်လို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ခုချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ နဝတဟာ သေသေချာချာ စဉ်းစားကြပါ။ ၁၈ ရက်နေ့ စက်တင်ဘာလက အာဏာသိမ်းတယ်၊ အခုဆိုလို့ရှိရင် ဇူလိုင်လ ၁ဝ ရက်နေ့ရှိနေပြီ။ ဒီကြားထဲမှာ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ ဘယ်လိုအကျိုးဆောင်ခဲ့သလဲ။ ကျမတို့ ပန်းခြံတွေဆောက်တယ်လို့တော့ မဖြေပါနဲ့။ တခြားဟာတွေကို ကျမ မေးတာပါ။ ဘယ်လို အကျိုးဆောင်ခဲ့တယ်ဆိုတာ စဉ်းစားပါ။ ပြည်သူလူထုကို ဘယ်လောက်များ အခွင့်အရေးတွေ ပေးခဲ့သလဲ။
ကောင်းပြီ။ နိုင်ငံရေးပါတီတွေတော့ ဖွဲ့စည်းခွင့်ပေးခဲ့တယ်။ ဒီနိုင်ငံရေးပါတီတွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မှ မပေးဘဲ။ တနေ့နဲ့တနေ့ ဆိုလို့ရှိရင် ဖမ်းဆီးမှုတွေဟာ များများနေတယ်၊ ဖမ်းပုံဆီးပုံတွေကလည်း တရားဥပဒေနဲ့ မကိုက်ညီဘူး။ တရားဥပဒေနဲ့ကိုက်ညီတဲ့ အလုပ်ဆိုလို့ရှိရင် ကျမတို့ ထောက်ခံပါတယ်။ ကျမ အင်မတန်မှ စည်းကမ်းကို ရိုသေတယ်၊ လေးစားတယ်၊ လိုလားတယ်။ ကျမတို့ ပြည်သူလူထုကိုလည်း စည်းကမ်းရှိစေချင်တယ်။ စည်းကမ်းမရှိဘူးဆိုလို့ရှိရင် ကျမ အင်မတန်မှ မချင့်မရဲဖြစ်တယ်။ ဒါပေမဲ့ မတရားတဲ့ဥပဒေ၊ မတရားတဲ့ လုပ်ဆောင်မှုတွေကို ကျမတို့ ခေါင်းငုံ့ခံလို့တော့ မဖြစ်ဘူး။ အဲ့ဒီလို ခေါင်းငုံ့ခံလို့ရှိရင် ကျမတို့ ပိပြားသွားမှာပဲ။ ဒီလို ကျမတို့ ဆက်လုပ်လို့ မဖြစ်ဘူး။
အာဏာဖီဆန်ရေးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီးစောမောင်က ကျမကို မလုပ်ပါနဲ့လို့ ပြောပါတယ်။ ကျမ ဒီကနေ ပြန်ဖြေရပါမယ်။ ကျမတို့ကို အာဏာဖီဆန်ရေး မလုပ်စေချင်လို့ရှိရင် တရားဥပဒေနဲ့မကိုက်ညီတဲ့ အမိန့်အာဏာတွေ မထုတ်ပြန်ပါနဲ့။ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ မထုတ်ပြန်ရင် ကျမတို့ ဘယ်အမိန့်အာဏာမှလည်း ကျမတို့ ဖီဆန်ဖို့ လိုမှာမဟုတ်ပါဘူး။ အခုအချိန်မှာတော့ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ၊ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ထိုးနှက်နေတဲ့ အမိန့်အာဏာတွေ ထုတ်ထားလို့ ကျမတို့မှာ ဖီဆန်ဖို့ တာဝန်ရှိတယ်။ ဒီတာဝန်ကို မကျေပွန်လို့ရှိရင်တော့ ကျမတို့ ဆက်ပြီးတော့ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအောင်ပန်းကို ဆက်ပြီးတော့ ကျမတို့ ပန်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာဖီဆန်ရေးဆိုတာဟာ စည်းကမ်းရှိရှိနဲ့ အေးအေးချမ်းချမ်းနဲ့ အာဏာဖီဆန်ရေးဆိုတာ ကျမတို့ပြည်သူလူထု နားလည်ဖို့ လိုပါတယ်။ တချို့ဆိုလို့ရှိရင် ဖီဆန်တယ်ဆိုတဲ့ စကားလုံးကိုပဲ နဲနဲလန့်နေတယ်လို့ ကျမ ကြားရပါတယ်။
ဒါဟာ ကြောက်စရာမဟုတ်ပါဘူး။ ဖီဆန်တယ်ဆိုတာဟာ လက်မခံခြင်းကို ပြောတာပါ။ မလိုက်နာခြင်း၊ လက်မခံခြင်း။ ကျမတို့ အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ မတရားတဲ့အမိန့်အာဏာတွေကို မလိုက်နာဘူးဆိုတာကို ပြရမယ်။ အာဏာဖီဆန်တယ်ဆိုတာဟာ ဆန္ဒပြတာနဲ့ မတူပါဘူး။ စီတန်းလမ်းလျှောက်တာနဲ့လည်း မတူပါဘူး။ ကျမတို့ အာဏာကို နည်းအမျိုးမျိုးနဲ့ ဖီဆန်နိုင်ပါတယ်။ ဥပမာအားဖြင့်ဆိုလို့ရှိရင် ပုံနှိပ်ထုတ်ဝေပိုင်ခွင့် မပေးတဲ့ မတရားတဲ့အမိန့်အာဏာကို ကျမတို့ ဖီဆန်တယ်။ ဘယ်လိုနည်းနဲ့ ဖီဆန်သလဲ။ စာရွက်စာတမ်းတွေ ကျမတို့ ပုံနှိပ်တယ်၊ ထုတ်ဝေတယ်။ ပြည်သူလူထုအနေနဲ့ ဒီစာရွက်စာတမ်းတွေကို လိုလိုချင်ချင်ဖတ်တယ်။ တဆင့်ထပ်ပြီးတော့ ထုတ်ဝေပေးတယ်၊ ဖြန့်ချိပေးတယ်ဆိုရင် ဒါ ကျမတို့အားလုံး အာဏာကို ဖီဆန်နေတာပဲ။ ကျမတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ဖီဆန်နေတာဖြစ်ပါတယ်။ ဒီတော့ စည်းကမ်းရှိရှိနဲ့ အမိန့်အာဏာကို ဖီဆန်နိုင်တဲ့ ပြည်သူလူထုဖြစ်တယ်ဆိုတာ ကျမတို့ ပြရမယ်။ ဘာဖြစ်လို့ ကျမတို့ ဒီလိုပြဖို့ လိုသလဲ။ အခုအချိန်မှာဆိုလို့ရှိရင် ပြည်သူလူထုကို လက်နက်နည်းနဲ့ နှိမ်နင်းချင်တဲ့ အစိတ်အပိုင်းတွေ ရှိနေတာကိုး။ ဘယ်လို ရမယ်ရှာပြီးတော့၊ ပြည်သူလူထုကို ဘယ်လိုလက်နက်ကိုင်ပြီးတော့ နှိမ်နင်းရမလဲဆိုတာ စဉ်းစားနေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဒါကြောင့် ကျမတို့ဟာ သတိနဲ့နေရမယ်။ ကိုယ့်ဘက် မကြုံပါစေနဲ့။ ကိုယ့်ဘက်က အမှားမပါပါစေနဲ့။ နိုင်ငံရေးဆိုတာဟာ ရေရှည်လုပ်ငန်းပါ။ ဒီလှုပ်ရှားမှုကြီးနဲ့ ပြီးမယ့်ကိစ္စ မဟုတ်ပါဘူး။ ကျမတို့နိုင်ငံအတွက် လုပ်ဖို့ရာကိစ္စ အများကြီးရှိပါသေးတယ်။ ထမ်းဆောင်ဖို့ တာဝန်တွေလည်း အများကြီးရှိပါသေးတယ်။
လက်နက်နည်းဆိုတာဟာ ဖက်ဆစ်နည်းဆိုတာ ဖေဖေလည်း ပြောခဲ့တယ်။ ဒီတော့ ကျမတို့နိုင်ငံမှာ ကျမတို့ နိုင်ငံသူနိုင်ငံသားများ၊ လက်နက်မဲ့ နိုင်ငံသူနိုင်ငံသားများကို နောက်ထပ်ပြီးတော့ လက်နက်နည်းနဲ့ နှိမ်နင်းမယ်ဆိုလို့ရှိရင်တော့ ဒီအစိုးရဟာ ဖက်ဆစ်အစိုးရလို့ ကျမတို့ ကြေညာရမှာပဲ။ လက်နက်နည်းနဲ့ နှိမ်နင်းဖို့ မလိုပါဘူး။ တရားဥပဒေနည်းနဲ့၊ တရားမျှတတဲ့နည်းနဲ့၊ အမှန်တရားနည်းနဲ့ ကျမတို့ ပြည်သူလူထုကို ထိန်းသိမ်းလို့ ရပါတယ်။ ကျမ ဒီကနေပြီးတော့ နဝတကို ပြောရဲပါတယ်။ အခုအချိန်မှာ ဆိုလို့ရှိရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ဒီနားမှာမရှိဘူး။ ကျမတို့ ယာဉ်ပြရဲတွေပဲ ရှိပါတယ်။ ယာဉ်ပြရဲတွေနဲ့ပဲ ကျမတို့အလုပ်ဟာ ပြီးသွားနိုင်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ လုံးလုံးမလိုပါဘူး။ ပြည်သူလူထု သိတဲ့အတိုင်းပဲ လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်လာပြီဆိုလို့ရှိရင် ပြည်သူလူထုထဲက လှုပ်လှုပ်ရှားရှားဖြစ်တယ်။ ဘာဖြစ်လို့ လှုပ်လှုပ်ရှားရှားဖြစ်သလဲ။ အရင် ကျမတို့ ပြည်သူလူထုကို လက်နက်နည်းနဲ့ နှိမ်နင်းခဲ့လို့ပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မြင်လို့ရှိရင် ပြည်သူလူထုဟာ စိတ်လှုပ်ရှားတာပေါ့။ ဒါကြောင့်မို့လို့ ကျမတို့ကို စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်း နေစေချင်တယ်ဆိုလို့ရှိရင် လက်နက်ကိုင်တပ်ဖွဲ့တွေကို မြို့ထဲကနေပြီးတော့ ရုပ်သိမ်းလိုက်ပါ။ ကျမတို့အနေနဲ့ ပြည်သူလူထုဟာ ဒီလို လက်နက်ကိုင်တပ်ဖွဲ့များကို ရုပ်သိမ်းလိုက်လို့ရှိရင် စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်းနဲ့ နေနိုင်တယ်ဆိုတာ ပြောရဲတယ်။
နောက်ပြီးတော့လည်း နဝတကို ပြောချင်တယ်။ တပ်မတော်သားများကို ဒီလောက်မနှိပ်စက်နေပါနဲ့။ ပင်ပန်းပါတယ်။ ဒီလောက်တောင်မှ လှည့်ပြီးလုပ်နေရတာ။ ရှေ့တန်းမှာလည်း တိုက်ရသေးတယ်။ မြို့ထဲမှာလည်း တခါထဲ ကားကြီးတွေနဲ့ လှည့်နေရသေးတယ်ဆိုတာ ဒါလည်း မသင့်တော်ပါဘူး။ တပ်မတော်သားများ ထပ်ထဲပြန်ပြီး နားကြပါစေ။ ကျမတို့ ပြည်သူလူထုဟာ ကိုယ့်စည်းကမ်းကို ကိုယ်ထိန်းပါ့မယ်။ ကျမတို့ဟာ ကိုယ့်စည်းကမ်းကို ကိုယ်ထိန်းနိုင်တဲ့ ပြည်သူလူထုဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံဟာ ဆင်းရဲနေပါတယ်။ တီအီး 11 တစင်း မြို့တပတ် ပတ်လို့ရှိရင် ဓါတ်ဆီဘယ်လောက်ကုန်သလဲဆိုတာ စဉ်းစားကြည့်ပါ။ ဓါတ်ဆီလည်း ကုန်တယ်။ ရဲဘော်တွေလည်း ပင်ပန်းတယ်။ ပြည်သူလူထုလည်း ခြောက်ခြားတယ်။ အဲ့ဒီတော့ ဒါ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စတွေပါ။ နဝတဟာ ဘာကိုကြောက်နေလို့ ဒီလောက်တောင်မှ ရဲဘော်တွေကို မြို့ထဲကို လှည့်ခိုင်းနေတာလဲ။
ကြောက်စရာမလိုဘူးဆိုတာ ကျမ ပြောနိုင်ပါတယ်။ ကျမတို့ရဲ့ ပြည်သူလူထုဟာ မှန်မှန်ကန်ကန် စည်းကမ်းရှိရှိ လုပ်သွားမှာပါ။ စိုးရိမ်စရာရှိလို့ရှိရင်၊ ကြောက်စရာရှိလို့ရှိရင် ကျမတို့နဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ။ အဖြေရှာပါ့မယ်။ ကျမတို့လည်း ပုထုဇဉ်တွေပဲ။ ကျမတို့ဘက်ကလည်း၊ ပြည်သူလူထုဘက်ကလည်း ကြောက်တဲ့ ကိစ္စတွေရှိတာပေါ့။ စိုးရိမ်တဲ့ကိစ္စတွေ ရှိတာပေါ့။ မကျေနပ်တဲ့ကိစ္စတွေ ရှိတာပေါ့။ ဒီကိစ္စတွေကို ညှိနှိုင်း၊ ဆွေးနွေး၊ တိုင်ပင်ပြီးတော့ ပြေလည်အောင် လုပ်လိုက်မယ်ဆိုရင် ကျမတို့နိုင်ငံအတွက် ဘယ်လောက်ဂုဏ်သိက္ခာရှိမလဲ။ နဝတအတွက်ကော
ဘယ်လောက် ဂုဏ်သိက္ခာရှိမလဲ။ အခုဆိုလို့ရှိရင် ကျမ မြင်သလောက်တော့ န၀တဘက်ကနေပြီးတော့ အမှားရှိပါတယ်လို့ ဝန်ခံရမှာ မျက်နှာပျက်တယ်လို့ ထင်ပါတယ်။ တကယ်ဆိုလို့ရှိရင် လူကြီးများအနေနဲ့၊ အာဏာရှိတဲ့ အဖွဲ့အစည်းများအနေနဲ့ မှားတဲ့ဟာကို မှားပါတယ်လို့ ဝန်ခံရတာဟာ အင်မတန်မှ မြင့်မြတ်တဲ့ လုပ်ငန်းတခုပါ။ အဲ့ဒီလို ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းတခုကို လုပ်ရဲကြပါ။ ပြည်သူလူထုကိုတော့ လက်နက်နည်းနဲ့ နှိမ်နင်းမယ်လို့တော့ ပြောရဲတယ်။ ကိုယ်မှားတဲ့အခါကျတော့ မှားတယ်လို့ မဝန်ခံရဲတဲ့ သတ္တိမျိုးဟာ ဘာသတ္တိမျိုးလဲ။
နောက်ဆုံးကျတော့ သတ္တိဆိုတာဟာ အမှန်တရားကို ရင်ဆိုင်ရဲတာပဲ။ အမှန်တရားအတွက် ဘာမဆို ရင်ဆိုင်ရဲရမယ်။ ဒါဟာမှ တကယ့်သတ္တိပဲ။ ကိုယ့်အာဏာတည်တံ့ခိုင်မြဲရေးအတွက်၊ ဦးနေဝင်း သဘောကျရေးအတွက် လုပ်ရဲတာဟာ သတ္တိမဟုတ်ဘူး။
ဒီတော့ ကျမတို့နိုင်ငံမှာ အခု ပြတ်ပြတ်သားသား နားလည်ရမယ်။ (၂၆) နှစ်အတွင်းက မဆလစနစ်ကို ထူထောင်ခဲ့တာ ဦးနေဝင်း။ တပ်မတော်ကို လမ်းမှားပေါ်တင်ခဲ့တာ ဦးနေဝင်း။ တပ်မတော်ဘက်ကလည်း ဒါကို
သေသေချာချာ နားလည်ဖို့ အချိန်ရောက်လာပြီ။ တပ်မတော်ရဲ့ ဖခင်ဆိုတာ၊ တဦးတည်းသောဖခင်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းသာဖြစ်တယ်ဆိုတာ တပ်မတော်သားများက လက်ခံရမယ်။ ကျမအနေနဲ့ ဒုတိယဖခင်ဆိုတဲ့ အသုံးအနှုန်းကို လုံးလုံးလက်မခံဘူး။ ဗမာ စကားမှာလည်း မရှိပါဘူး။ လူတယောက်ဖြစ်လာမှတော့ ဖခင်ဆိုတာ တဦးပဲရှိနိုင်တယ်ဆိုတာ ကျမတို့ နိုင်ငံသူနိုင်ငံသားအားလုံး သိပါတယ်။ ဒီတော့ တပ်မတော်ထဲမှာ ဖခင်တဦးထဲသာ ရှိပါစေ။ ဒီ တဦးတည်းသော ဖခင်ရဲ့ ညွှန်ကြားချက်များကို လိုက်နာပါ။ လိုက်နာခြင်းအားဖြင့် နောင် တပ်မတော်အတွက်လည်း ဂုဏ်သိက္ခာရှိနိုင်မယ်။ ပြည်သူလူထုနဲ့ တပ်မတော်ကြားထဲမှာလည်း ညီညွတ်မှုရှိနိုင်မယ်။ ဒီတိုင်းပြည်လည်း တိုးတက်နိုင်မယ်။ ကျမတို့ဟာ မှန်ကန်တဲ့လမ်းစဉ်ပေါ်မှာ လျှောက်သွားချင်တဲ့ ပြည်သူလူထုဖြစ်ပါတယ်။ ဒီတော့ နဝတ အနေနဲ့လည်း မှန်ကန်တဲ့လမ်းစဉ်ပေါ်မှာ လျှောက်သွားချင်တယ်ဆိုလို့ရှိရင် ပြည်သူလူထုနဲ့ အချိန်မရွေး လက်တွဲနိုင်ပါတယ်။ ဒါပေမဲ့ ဦးနေဝင်းလမ်းစဉ်အပေါ်မှာ လျှောက်သွားချင်တယ်ဆိုလို့ရှိရင်တော့ ပြည်သူလူထုနဲ့ လမ်းခွဲရမှာ ဖြစ်ပါတယ်။ ။
နောက်တခု ကျမ ပြောချင်ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဦးနေဝင်း အငြိမ်းစားသွားပြီလို့ ပြောပါတယ်။ ဦးနေဝင်း အငြိမ်းစားသွားပြီလို့ပြောလို့ရှိရင် ဘာဖြစ်လို့ အစိုးရရုံးတွေမှာ၊ တရားရုံးတွေမှာ၊ ဦးနေဝင်းရဲ့ ဓါတ်ပုံကို ဆက်ပြီးတော့ ချိတ်ဆွဲထားသလဲဆိုတာ ကျမ မေးချင်တယ်။ ပြည်သူလူထုအနေနဲ့လည်း ဒါကို ကန့်ကွက်စေချင်ပါတယ်။ အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဦးနေဝင်းရဲ့ ဓါတ်ပုံကို အစိုးရရုံးများ၊ တရားရုံးများမှာ မချိတ်ပါနဲ့တော့။ ကျမတို့ဟာ ထုံးတမ်းစဉ်လာအရ နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့ ဓါတ်ပုံကိုသာချိတ်မယ်။ လက်ရှိအစိုးရရဲ့ ဦးစီးတယောက်ရဲ့ ဓါတ်ပုံကိုသာချိတ်တယ်။ ဒါကတော့ ထုံးတမ်းစဉ်လာဖြစ်ပါတယ်။ အဲ့ဒီတော့ ချိတ်ချင်လို့ရှိရင် ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ဓါတ်ပုံကိုတော့ ချိတ်နိုင်ပါတယ်။ ဦးနေဝင်းဓါတ်ပုံကိုလည်း ဖြုတ်ချပါတော့။ ဦးနေဝင်းရဲ့ အမိန့်အာဏာအောက်ကလည်း လွတ်မြောက်အောင်လို့ တပ်မတော်နဲ့ နဝတဟာ ရုန်းထွက်ပါတော့လို့ ကျမ ဒီကနေ မေတ္တာရပ်ခံလိုက်ချင်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောချင်တာကတော့ ကျမတို့အားလုံးဟာ အေးချမ်းသာယာမှုကို လိုလားပါတယ်။ ကျမတို့နိုင်ငံ တိုးတက်ဖို့အတွက်၊ အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် လိုလားတယ်။ ဒါအတွက် ကျမတို့ဟာ နဝတကို ညှိနှိုင်းပါ၊ ဆွေးနွေးပါ၊ တိုင်ပင်ပါလို့ ဖိတ်ခေါ်ပါတယ်။ ကျမ ဆက်ပြီးတော့ ဖိတ်ခေါ်တာပဲ။ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ၂/၈၈၊ ၈/၈၈ တို့ကို မရုပ်သိမ်းပေးမှာမို့လို့ မဆွေးနွေးနိုင်ပါဘူးဆိုတဲ့သဘောနဲ့ ပြောသွားပါတယ်။ ကျမ ပြန်ပြောချင်တာကတော့ ကျမတို့နိုင်ငံမှာ ၂/၈၈ နဲ့ ၈/၈၈ အပြင် ပြဿနာတွေ အများကြီးရှိပါတယ်။ ဒီပြဿနာအများကြီးကို ပြေလည်အောင်ဆိုတာ ကျမတို့ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်။ ပြည်သူလူထု အများစုကြီးကလည်း ဒါကို နားလည်တယ်လို့ ကျမထင်ပါတယ်။ ဆက်ပြီးတော့လည်း နားလည်စေချင်ပါတယ်။ ကျမတို့ဟာ မတရားတဲ့ အမိန့်အာဏာများကို ဖီဆန်နေတာကတော့ ဆွေးနွေး၊ ညှိနှိုင်း၊ တိုင်ပင်မှု မရှိလို့ပါပဲ။ တကယ်ပဲ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ confrontation ဆိုတဲ့ ထိပ်တိုက်တွေ့မှုကို မလိုလားဘူးဆိုလို့ရှိရင် ကျမတို့နဲ့ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ပြေလည်မှုရှာပါလို့ ကျမ ဒီကနေ ပြောသွားပါတယ်။ ကျေးဇူးတင်ပါတယ်။ (စည်းကမ်းရှိရှိနဲ့ လူစုခွဲပေးကြပါ။ ကျမတို့ရဲ့ ယာဉ်ထိန်းရဲများရဲ့ ညွှန်ကြားချက်များကိုလိုက်နာပြီးတော့ အားလုံး စည်းကမ်းရှိရှိနဲ့ လူစုခွဲပေးကြပါ။ ကျမတို့ဟာ စည်းကမ်းကို လိုလားတယ်။ ဥပဒေကို လိုလားတယ် ဆိုတာ ပြကြပါ။ ကျေးဇူးတင်ပါတယ်။
Comments
Post a Comment