သီချင်းတွေကို အဖေနဲ့ ဦးလေးကနေ တဆင့် အရင်ဆုံးနားထောင်ရတယ်။သူတို့ဖွင့်တာ နားထောင်ရတာကိုး။ အဖေကတော့ ခင်မောင်တိုး ၊ ထီးဆိုင် တို့ပေါ့။ နောက်တော့ ဦးလေးတွေက လေးဖြူ မျိုးကြီး အငဲ နားထောင်တော့ အကုန်လုံးနားထဲရောက်ခဲ့တယ်။ အဲ နားထဲပဲရောက်တာဗျ။ ဘာမှ ခံစားတတ်တာမဟုတ်ဘူး။ဆယ်တန်းကျတော့ အမ ဆီကနေ Avrillavigne တို့ Greenday တို့ Original Hits တို့ နားထောင်မိပြန်ရော။ ဆယ်တန်းအောင်လို့ ရန်ကုန် တက်လာတော့မှ MTV channel ကြည့်မိပြီး နိုင်ငံတကာ သီချင်းတွေ နားထဲစရောက်တာ။ အဲ့အချိန်မှာ အကြိုက်ဆုံးက Hey soul sister တို့ Slipknot ရဲ့ dead memories တို့ Your guardian Angel တို့ပဲ။ အဲ့နောက်ကျတော့ Taylor swift တို့ Katy Perry တို့ မိန်းကလေး သီချင်းတွေ နားထဲရောက်လာပြန်ရော။ နောက်တနှစ်လောက်ကြာတော့ တိုက်ခန်းစုငှားမိပြီး တောင်ကြီးက လူတွေနဲ့ နေမိပြန်တော့ A7X ကို ကြိုက်သွားပြန်ရော။ အဲ့အချိန်တုန်းက ရည်းစား ပူပူနွေးနွေးလေးက နယ်ပြန်သွားတော့ Dear God နဲ့ ဖီးလ် ခဲ့တာပေါ့။ ကြုံလို့ ပြောရဦးမယ်။ သီချင်းတွေက ဘယ်လောက်သစ်သစ် ဟောင်းဟောင်း ခံစားချက်နဲ့ ဆိုက်ဆိုင်မှ ကြိုက်မိသွားတာတွေချည်းပဲ။ Metallicaရဲ့ nothing else matters ဆိုရင် ပထမဆုံး နိုင်ငံခြားထွက်ရတဲ့အချိန်ကျမှ အသေနားထောင်ပြီး အသေဖီးလ် ပြီး အသေကြိုက်သွားတာ။ အဲ့မတိုင်ခင်တုန်းကလည်း နားထောင်ဖူးတာပဲ။ ဒါပေမယ့်မကြိုက်ခဲ့ဘူး။ ရည်စားနဲ့ ပြတ်တော့လည်း Slipknotရဲ့ snuff ကို ဂစ်တာတလုံးနဲ့ တီးပြီး အသဲကွဲတဲ့ အရသာကို ခံစားရတာ တော်တော်မိုက်တာပဲဗျ။
Imagine Dragons ရဲ့
Don`t get too close. It`s dark inside
It`s where my demon hide ဆိုတဲ့ စာသားနဲ့ သီချင်းကို ထွက်တုန်းက သူများတွေ ဖွင့်လို့ ဒီအတိုင်းနားထောင်လိုက်တာပဲ ရှိတာ။ သီချင်းတပုဒ်က ခု ထွက်လို့ ခုနားထောင်တိုင်း နားထဲ မဝင်ဘူး။ အဲ့သီချင်းစာသားနဲ့ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်သွားတဲ့အချိန်တချိန် ရှိတယ်။ အဲ့ အချိန်ရောက်ရင်တော့ အဲ့တာက ဘာသီချင်းနေနေ ခံစားချက် mood ဝင်သွားပြီး အဲ့သီချင်း ကို ကြိုက်တော့တာပဲ။ အဲ့သီချင်းကိုလည်း ထွက်ပြီး နှစ်တော်တော်ကြာတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ Dark side ကို ကျွန်တော်ကိုယ်တိုင် မြင်လိုက်ရ သိလိုက်ရတဲ့ အချိန်မှာ အဲ့သီချင်းကို ကျွန်တော့်ဘေးက တယောက်ယောက်က ဖွင့်လိုက်တာနဲ့ သွားကြုံတယ်။ အဲ့ကျမှ အဲ့သီချင်းကို ကြိုက်သွားတာ။
ကျောင်းတက်နေတုန်းက Skrillex ရဲ့ Scary Monsters and Nice Sprites ကိုနားထောင်တုန်းကဆို မင်းဘာတွေနားထောင်နေတာလဲ လို့ ပြောခံရဖူးတယ်။ ခုကျတော့ EDM culture ကြီး ရှိလာတော့ EDM မိုက်တယ် ဆိုပြီး ဖြစ်လာကြပြန်ရော။
Music ကို တံဆိပ်ကပ်တာ တော့ မကြိုက်ပြန်ဘူး။ တချို့ကောင်တွေရှိတယ်။ ငါတို့က Hip-Hop ပဲ နားထောင်တာကွ။ မင်းတို့ metal တွေ ဝေးဝေးနေ ဆိုတာမျိုး တွေ့ဖူးတယ်။ ဒီကောင်တွေ တော်တော်ပေါတဲ့ ကောင်တွေပဲလို့ စိတ်ထဲက တွေးပြီး ရယ်မိတယ်။ သူတို့ကပဲ တံဆိပ်တွေကပ်နေကြတာ။ အဆိုတော်တွေ Artist တွေက တံဆိပ်မကပ်ကြဘူး၊ ဘောင်တွေ တံခါးတွေ မရှိကြဘူး။
Music ကို တံဆိပ်ကပ်တာ တော့ မကြိုက်ပြန်ဘူး။ တချို့ကောင်တွေရှိတယ်။ ငါတို့က Hip-Hop ပဲ နားထောင်တာကွ။ မင်းတို့ metal တွေ ဝေးဝေးနေ ဆိုတာမျိုး တွေ့ဖူးတယ်။ ဒီကောင်တွေ တော်တော်ပေါတဲ့ ကောင်တွေပဲလို့ စိတ်ထဲက တွေးပြီး ရယ်မိတယ်။ သူတို့ကပဲ တံဆိပ်တွေကပ်နေကြတာ။ အဆိုတော်တွေ Artist တွေက တံဆိပ်မကပ်ကြဘူး၊ ဘောင်တွေ တံခါးတွေ မရှိကြဘူး။
သီချင်းတွေက တသမတ်တည်း နားထောင်နေရတာလည်း မဟုတ်ပြန်ဘူး။ Rock ကြိုက်တဲ့ အချိန်ရှိမယ်။ Heavy Metal တွေ ကြိုက်တဲ့ အချိန်ရှိမယ်။ K-Pop တွေ ကြိုက်တဲ့ အချိန်ရှိမယ်။ တခါတလေ country လေးတွေ နားထောင်ချင်တဲ့ အချိန်ရှိမယ်။
တခါတလေကျတော့ ခင်ဝမ်း သီချင်းလေးတွေနဲ့ ဆွေးနေရတာ ကြိုက်ပြန်ရော။
ပြောချင်တာက သီချင်းနားထောင်တာ အသက်အရွယ်၊ အချိန်အခါ၊ စိတ်ခံစားချက် နဲ့ပတ်သတ်ပြီး အမြဲပြောင်းလဲနေတယ် ဆိုတာပါပဲ။
ပြောချင်တာက သီချင်းနားထောင်တာ အသက်အရွယ်၊ အချိန်အခါ၊ စိတ်ခံစားချက် နဲ့ပတ်သတ်ပြီး အမြဲပြောင်းလဲနေတယ် ဆိုတာပါပဲ။
နောက်ပြီး သီချင်းသာ နားထောင်နေတာ ကိုယ်ကြားချင်တာ ကြားရတာဗျ။ ဆိုပါတော့ သီချင်းတပုဒ်နားထောင်တယ်ပေါ့။ နားထောင်နေတာ အရင်ဆုံး သီချင်းကို ကြားရတယ်ပေါ့။ နောက် တလ လောက် နေတော့ အဲ့သီချင်းကိုပဲ ပြန်နားထောင်ဖြစ်တယ်။ အဲ့အခါကျတော့ ဂစ်တာသံပဲ ကြားရတော့တယ်။ နောက် တနှစ်လောက်နေလို့ ပြန်နားထောင်ရင် ဒရမ် ရိုက်သံပဲ ကြားရတော့တယ်။ အဲ့သလိုပေါ့။ ကိုယ့်ရဲ့ မုဒ်အပေါ်မူတည်ပြီး သီချင်းက ကြားချင်တာ ကြားနေတာမျိုးဗျ။
ကျွန်တော် သီချင်းအသစ်တပုဒ် နားထောင်တယ်ပေါ့။ အဲ့တပုဒ်တည်းကိုပဲ တပါတ်လောက် နားထောင်တယ်။ တခါတလေလည်း တလ လုံး နားထောင်ဖြစ်တယ်။ တခါတလေကျတော့လည်း နောက်ထပ် နားထောင်စရာ သီချင်း အသစ်မတွေ့မချင်း နားထောင်တယ်။ လူ့စိတ်က မျောက်စိတ် ဆိုတာ တကယ်အမှန်ပဲဗျ။
သီချင်းတပုဒ်ရဲ့ ပေါက်ရောက် မှု့က ဘာနဲ့တိုင်းလဲတော့ မသိဘူး။ (နှိမ်ပြောတာ မဟုတ်ဘူးနော်) ဘန်နီဖြိုး သီချင်းတွေ ပေါက်တယ်ပေါ့။ ဘယ်နေရာသွားသွား ဘန်နီဖြိုး သီချင်းပဲ ဖွင့်တဲ့ခေတ် ရှိခဲ့တယ်။ အဲ့တာ အလွန်ဆုံးခံ တနှစ်ပေါ့။တနှစ် ကျော် ရင် ဘယ်သူမှ မဖွင့်ကြတော့ဘူး။ နားလည်း မထောင်ကြတော့ဘူး။ ဒါပေမယ့် ခင်ဝမ်း တို့ စိုင်းထီးစိုင် တို့ လေးဖြူ မျိုးကြီး အငဲ တို့ သီချင်းတွေကျ ဘယ်အချိန် ထဖွင့်ဖွင့် မရိုးဘူး။ ကျွန်တော် ထင်တာတော့ creation လုပ်တဲ့အချိန်မှာ အားစိုက်ထုတ်မှု့ ကွာလို့ အဲ့လိုဖြစ်တယ် ထင်တာပဲ။
ပထမဆုံးလို့ ပြောလို့ရတာက Blood Sugar Politik ပဲ။ သူတို့ကတော့ Alternative လို့ တံဆိပ်ကပ်ထားတာပေါ့။ အဲ့အခွေကို Big Bag က လူတွေပဲ လုပ်ခဲ့တာ။ ဒါပေမယ့် Big Bag နာမည် မသုံးခဲ့ဘူး။ ဒရမ်မာဆိုရင် အဒီနို တောင် ရှိနေသေးတယ်။ ပြီးတော့ ရဲဇော်မျိုးက အဲ့တုန်းက Big Bag ထဲ မရောက်သေးဘူး။ ဒါပေမယ့် BSP မှာ ဝင်တီးနေပြီ။
အဲ့တာပြီးတော့ Side Effect ပေါ့။
Side effects ပြီးတော့ နောက်ထပ် နားထောင်မိတာက Sunrise 18 ရဲ့ ရန်ကုန် အယ်လ်ဘမ်။
သူတို့ရဲ့ Indie rock သီချင်းကို နားထောင်မိတော့ အယ်လ်ဖြူရဲ့ သီချင်းဆိုင် ကို ဘာမှ မဆိုင်ပဲ သတိရသွားတယ်။ "ဆံပင်ကို အရှည်ထားပြီး ဆိုရတဲ့ သီချင်းတွေ ဟောဒီမှာ" ဆိုတဲ့ စာသားလိုပဲ မြို့လယ်ခေါင်က ဘားတခုမှာ ဘီယာလေး သောက်ရင်း လိုက်ကရင်း နားထောင်ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေး ဝင်မိတယ်။ ကိုယ့် မင်္ဂလာဆောင်ကျရင် ဒီအခွေထဲကသီချင်းတွေ ကိုယ်တိုင်ဆိုရင် ကောင်းမလားတောင် တွေးမိအောင်ကို အချစ်သီချင်းတွေက ကောင်းလွန်းတယ်။ Tempo ခပ်သွက်သွက်နဲ့ အချစ်သီချင်းလေးတွေက နားထောင်နေကျ ပုံစံထဲက ကွဲထွက်ပြီး ဂစ်တာသံ ခပ်မြူးမြူးလေးနဲ့ ထပြီး ကချင်လောက်အောင်ကို ချက်ချင်းဆွဲဆောင်နိုင်တယ်။
Side effects က နိုင်ငံခြားက စတူဒီယိုမှာ သွင်းတော့ ဒီအခွေကျတော့ အသံပိုင်း ဆိုင်ရာမှာ နည်းနည်း အားမရချင်ဘူး။ Side effects လောက် ကွာလတီရရင် ကောင်းမှာပဲ ဆိုပြီး မချင့်မရဲဖြစ်သွားတယ်။
Made in Myanmar နဲ့ နိုင်ငံခြားက သီချင်းတွေကို ယှဉ်နားထောင်ကြည့်ဖြစ်တယ်။ ကွန်ပျူတာ နဲ့ တီးထားတဲ့ မြန်မာသီချင်းတွေမှာတောင် Mixing ပြောရမလား Mastering ပြောရမလား သေချာမလုပ်ပဲ အဖြစ်ပဲ လုပ်ထားတာ များတယ်။ အများဆုံး လုပ်ထားမှ Left Right ခွဲတာလောက်ပဲ။ Surround ကို မလုပ်ကြတာ။ Billie Eilish ရဲ့ Bad Guy ကို ပဲ နားထောင်ကြည့်။ သီချင်းအစမှာတင် Billie ရဲ့ ဆိုတဲ့ အသံက အလယ်မှာ တစ်သံ ညာဘက်မှာ တစ်သံ ဘယ်ဘက် အနောက်ဘက်ကနေ တစ်သံ ကြားရလိမ့်မယ်။ မြန်မာသီချင်းတွေက ကျ ခို တာဖြစ်သွားပြီ။ ဒီဘက်ခေတ်မှာ နည်းပညာလည်း တန်းတူ၊ စက်ပစ္စည်းလည်း တန်းတူ ဖြစ်နေပြီ။ လုပ်လို့ မရဘူးဆိုတာ မရှိသလောက်ပဲ။ နားထောင်မိသလောက်ဆို Rock သီချင်းတွေမှာတော့ surround လုပ်ထားတာ တချို့တွေ့ရတယ်။ လင်းလင်း ရဲ့ အိပ်မက်ထဲက စစ်သားကြီး သီချင်း ကို နားကြပ်ကောင်းကောင်းနဲ့သာ နားထောင်ကြည့်။ လွင့်ထွက်သွားမယ်။
သီချင်းနားထောင်ရင် အဆိုတော် အပြင် ဒီသီချင်းကို ဘယ်သူတီးတာလဲ၊ တေးရေးက ဘယ်သူလဲ ဆိုတာပါ လိုက်ကြည့်ဖြစ်တယ်။ သီချင်းစာသားကို စိမ်ပြေနပြေ ထိုင်ပြီး ဘာသာပြန်မိတယ်။ မြန်မာလို ရေးထားတဲ့ သီချင်းတွေကို ဘာသာပြန်နေရင် ရူးနေတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် တချို့သီချင်းတွေက အဲ့လို ဘာသာပြန်မှ ကို ရတာ။
လူကသာ စုတ်တီးစုတ်ပြတ်နဲ့ အခန်းထဲမှာလည်း ရှုပ်ပွခတ်နေအောင် နေတာ သီချင်းနားထောင်တာကျ music library ကို လှတာပတလေးဖြစ်နေမှ နားထောင်တာ ဇီဇာကြောင်တယ်လို့ ပြောရမလား။ အမြင်အကပ်ဆုံးက music library မှာ Unknown Artist, Unknown Album တွေ ဖြစ်နေတာပဲ။ ဖုန်းထဲမှာ ဖြစ်ဖြစ် PC မှာ ဖြစ်ဖြစ်၊ DAP မှာ ဖြစ်ဖြစ် သီချင်းတွေ ထည့်ရင် Song name, Album Artist, Album Name နဲ့ Album Cover လေး ပါမှ နားထောင်တော့တယ်။ အဲ့တာတွေ မပါရင် နားလည်း မထောင်ဘူး။ Library ထဲလည်း မထည့်ဘူး။ ပြီးရင် ချေးကလည်း များသေးတယ်။ မြန်မာသီချင်း အတော်များများက ကိုယ်တိုင် CD ခွေ ဝယ်ပြီး နားထောင်တယ်။ Library ထဲ ထည့်ဖို့ ကိုယ့်ဟာကိုယ် Rip တယ်။ ဝယ်လို့ မလွယ်တဲ့ အခွေတွေဆိုရင် သူများဆီက လိုက်တောင်းတယ်။ အခွေ အသစ်ထွက်တဲ့ အချိန် မြန်မာနိုင်ငံ အပြင်ရောက်နေတဲ့ အချိန်ဆိုရင် online streaming services တွေကနေ နားမထောင်ပဲ ရန်ကုန်က ဘော်ဒါတယောက်ကို CD အဝယ်ခိုင်းပြီး Rip ခိုင်း၊ upload ပြန်လုပ်ခိုင်းပြီး ပို့ခိုင်းပြီး နားထောင်တာ။
သီချင်းတွေနဲ့ပတ်သတ်ပြီး ကိုဇာနည်ဇော်ဟိန်း ပြောခဲ့တာလေး တခုတော့ နားထဲ စွဲနေတုန်းပဲ။ သူပြောခဲ့တာလည်း ကြာပြီ။ သူပြောခဲ့သမျှ အတိအကျတော့ မမှတ်မိတော့ဘူး။ အခုခေတ် MTV တွေနဲ့ ပတ်သတ်ပြီး ပြောနေရင်းနဲ့ပြောဖြစ်သွားတာ။ သီချင်းတွေမှာ အစက ဆိုတဲ့ အသံ မပါဘူး။ တီးလုံးချည်းပဲ ပါတာ။ ကြာလာတော့ လူတွေရဲ့ ခံစားနိုင်စွမ်းတွေ ကျ လာတော့ သီချင်းတွေထဲမှာ စာသားတွေ ထည့်လာပြီး ဆိုလာကြရော။ အဲ့ထက် ခံစားနိုင်စွမ်း ကျလာတော့ MTV လို အသံအပြင် အရုပ်တွေပါ ထည့်လာကြရောတဲ့။
Comments
Post a Comment